မနေ့ည ၉နာရီလောက်မှာ စာရေးသူကွန်ပြူတာဖွင့်ပြီးအင်တာနက် Google searchမှာသုတေသနစာတမ်းရေးရန် စာအနည်းအကျဉ်းရှာနေစဉ် - g-talk box မှ “တတုန်တုန် “ အသံကြားလို့ စာရှာသောအစီအစဉ် ကိုရပ်လိုက်ရသည်..။
ဘယ်သူလေးပါလိမ့် သိချင်စိတ်လေးနှင့် လှမ်းကြည့်မိသည်..။ ညီငယ် အညာသားဆရာမောင်တင်ကျော်ဦး ဗျ..။ သူ့ဘလော့ဂ်စရေးနေပြီနှင့် ဘလော့ဂ် titleကို“ပညာရေး”လို့ အမည်ပေးထားလိုက်ကြောင်း..၊ ၀င်ရောက်ဖတ်ရှု အကြံပေး ပြီးပညာရေးနှင့် ပတ်သက်တာလေးရေးပေးပါလို့ စာရေးပြောရှာသည်..။ တစ်ခြားသူတွေ မွေးရပ်မြေနှင့် ပတ်သက်သောအကြောင်းအရာတွေ သီးသန့်ရေးတဲ့ ဘလော့ဂ် ၊ ၀ါသနာ အရကဗျာစာအမြည်းလေးတွေအဖြစ် ခံစားချက်တွေ အင်တာနက်ပေါ်တင်တဲ့ ဘလော့ဂ်၊ ကွန်ပျူတာဆိုင်ရာဘလော့ဂ် စသဖြင့် အင်တာနက်ရင်ပြင်မှာအတွေ့များသော်လည်းပညာရေးနှင့် ပတ်သက်တဲ့ အသိပေးပညာပေးပိုမိုတိုးတက်အောင် ဝေဖန်အကြံပေးသော ဘလော့ဂ်မှာမူတွေ့ရတာနည်းသည်..။ ဘာပဲပြောပြောညီငယ်တစ်ယောက် စာရေးချင်စိတ်ဖြစ်ပေါ်လာတာရောပညာရေးအတွက် ကြံဆဖော်ပြချင်တဲ့ ဆန္ဒ ကိုစာရေးသူပီတိအပြည့်နှင့် ကြိုဆိုအားပေးစကားပြောဖြစ်ပါသည်..။ ၄င်းနှင့် စပ်လျဉ်း၍ စာရေးသူမှာပညာရေးနှင့် ပတ်သက်သောအတွေးတွေ ၀င်ရောက်လာသည်ကတော့အမှန်ပင်..။**************************************
“ ပညာမျက်စိ ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ယုတ်သည့် စရိုက်၊ လူသူမိုက်ကို ၊ မကြိုက် မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ ၊ ဝေးစွာရှောင်၍၊ အမြဲခွာရှင်း ၊ ဖဲကြဉ်မင်း။”
ကန်တော်မင်းကျောင်းဆရာတော် ရေးသားပြုစုသောလောကသာရပျို့ကိုဦးစွာသတိရမိသည်.။ပညာဟူသည် အကြောင်းအကျိုး၊ အကောင်းအဆိုး နှင့် အမှားအမှန် ကို ဝေဖန်သုံးသပ်ပိုင်းခြားသိမြင်စေသောသဘောကို ဖော်ပြနေသည့် ပျို့လင်္ကာပင်ဖြစ်သည်..။
ပညာကိုအင်္ဂလိပ်လိုEducationလို့ လူတိုင်းသိပြီးသားပါ..။Educationပါသောဗျည်းတစ်လုံးစီ၏အဓိပ္ပာယ်ဖွင့်ကြည့်ရင်-
E- Edification - စာရိတ္တတည်ဆောက်ခြင်း။
D- deliverance - လွတ်မြောက်ခြင်း။
U- Understanding- နားလည်သဘောပေါက်ခြင်း။
C- Confidence- မိမိကိုယ်ကိုယုံကြည်ခြင်း။
A-Aptitude - ၀ါသနာပါခြင်း၊အကင်းပါးခြင်း။
T- Talent - ပင်ကိုယ်သဘာဝ၊စူးစမ်းခြင်း။
I – Intelligence- စဉ်းစားဆင်ခြင်ခြင်း။
O – Opportunity - အခွင့်အလမ်းရရှိစေခြင်း။
N-Necessarity- လိုအပ်ချက်များရရှိစေခြင်း။
ဟူ၍ အလွန်အနှစ်သာရပြီးပြည့်ဝသော စကားလုံးဖြစ်ကြောင်းသိနိုင်ပေသည်..။
ကိသုနရာနံရတနံ“ အရှင်ဘုရားလူတွေရဲ့ ရတနာဟာဘာလဲ”အစချီ၍ စာရေးသူတို့ ဗုဒ္ဒမြတ်စွာဘုရားကိုပညာနှင့်ပတ်သက်ပြီးနတ်သားတစ်ပါးကမေးခဲ့ဖူးသည်..။သာမန်အားဖြင့် ကြည့်ရင် ရွှေကိုဖြေရမှာ၊ ငွေကိုဖြေရမှာ ၊စိန်ကျောက်လို့ဖြေရမှာစသဖြင့် လောကီအတွေးနှင့် တွေးဖြေမိလိမ့်မည်..။သို့သော မြတ်စွာဘုရားကပညာနရာနံရတနံ “ပညာသည် လူတို့၏ရတနာပါပဲ၊ဉာဏ်ပညာဓာတ်၊ပညာသင်တယ်ဆိုတဲ့ အသိဓာတ်၊ ပညာဓာတ်ဟာရတနာပါပဲ”လို့ ဖြေကြားခဲ့ပေသည်..။
ပညာနှင့်ပတ်သက်သောအကြောင်းအရာများကိုတွေးမိရင် ဘ၀အတွက်လက်စွဲယူသုံး L ၅လုံးကိုလည်း ချန်ထား၍ မရပါ..။ ပြီးပြည့်စုံသော ဘ၀တစ်ခု ဖြစ်မြောက်ဖို့ ယေဘုယျ လုပ်ဆောင်သင့်တဲ့ အချက်အလက်လေးများမို့ ဖော်ပြပါအံ့..။
ဘ၀အတွက်လက်စွဲယူသုံး L ငါးလုံး
• Learn- သင်ယူလေ့လာပါ။
• Labour- အလုပ်လုပ်ပါ။
• Love- ချစ်ခင်မေတ္တာစိတ်ထားပါ။
• Laugh- ပျော်ရွှင်ရယ်မောပါ။
• Let Go - ဥပေက္ခာပြုပါ။
(စိတ်ပညာရှင် ဟမ်ရီဂရိ)
ပညာအလင်းရောင် ဘ၀တန်ဆောင် ဟုဆိုကြသည့်အတိုင်း လူ့ဘ၀ လောကထဲကိုဝင်ရင် အလင်းလိုသည်..။ထိုအလင်းကားပညာအလင်းတည်း။ပညာအလင်းရဖို့အတွက်မှာတော့ ပညာသင်ယူသင်ကြားခြင်းရှိဖို့လိုပေသည်.။ထို့ကြောင့်လည်းစိတ်ပညာရှင် ဟမ်ရီဂရိ က အဓိပ္ပာယ်ပြည့်ဝသော လူ့ဘ၀ ပိုင်ဆိုင်ဖို့ ဘ၀အတွက်လက်စွဲယူသုံး L ငါးလုံးကိုဖော်ပြရာတွင် ပညာသင်ယူခြင်းကိုထိပ်ဆုံးကဖော်ပြလမ်းညွန်ခဲ့သည်ဟုဆိုနိုင်သည်..။
******************************************************************
လူ့ဘောင်လောကကြီးအောင်မြင်ဖြစ်ထွန်းတိုးတက် ဆောင်ရွက်ဖို့အတွက် ပညာသာလျှင် အဓိကကျပေသည်ဟုဆိုရင် မှားမည်မထင်ပါ..။ လူ့ဘောင်အသိုက်အ၀န်းမှာ စစ်ပွဲတွေဖြစ်နေကြသည်..။ ဘာသာရေးကိုအခြေခံသည့် စစ်၊စီးပွားရေးကိုအခြေခံသည့်စစ်၊လူမျိုးရေးကိုအခြေခံသည့်စစ်၊ နိုင်ငံရေးကိုအခြေခံသည့် စစ် စသဖြင့် တွေ့ကြုံနေကြရသည်..။ သို့သော် ပညာရေးကိုအခြေခံသည့်စစ် မှာမရှိသေးပါ..။ပညာကိုအခြေခံပါကစစ်မဖြစ်နိုင်ပါ..။ ငြိမ်းချမ်းရေးကိုသာရယူပေမည်။ စင်စစ်မှာ နိုင်ငံရေးစီးပွားရေးလူမှုရေးအားလုံး၏ အခြေခံမှာပညာရေးသာဖြစ်သည်..။
မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည်မို့ ခေတ်အဆက်ဆက်တွင် အမြင့်ဆုံးသောလူမှုအဆင့်အတန်းကိုတည်ဆောက်နိုင်သောခေတ်ဟုဆိုရင်မှားမည်မထင်ပါ..။ လူသည် ကာယကိုအရင်းတည်သည့် သတ္တ၀ါမဟုတ်။ ဉာဏကိုအရင်းတည်သည်မို့ လူ၏အမြင့်ဆုံးအခြေအနေကိုရောက်စေသည့် ပညာခွန်အား ပြည့်ဝဖို့ ပညာသင်ယူရေးကို ဘ၀တာထွက်အချိန်မှာ နောက်ဆုံး တာဝင်အချိန်အထိ စပ်ကြားမရပ်မနားလေ့လာသင်ယူရပေမည်..။
ပညာလေ့လာသင်ယူခြင်းဟုဆိုလိုက်တာနှင့် စီဒီပြားထဲသီချင်းကူးထည့်သလိုပုံတူကူးယူခြင်းလို့ မြင်ယောင်လိမ့်မည်..။ ပုံတူကူးယူ၍ မရနိုင်ပါ..။ဆရာသင်သမျှ ရချင်မှရမှာဖြစ်သလိုတမိုက်ပြလျှင် တစ်ထွာမြင်သည်လည်းရှိသည်..။ စာရေးသူ ၏ ဓာတုဆရာကြီးဒေါက်တာအောင်မင်းပြောတဲ့ စကားကိုမှတ်မိသေးသည်…။ မိုးဘယ်လောက်ရွာရွာမိုးရေခံထားတဲ့သူသာမိုးရေရမယ်..။ မိုးတော့ရွာနေပါရဲ့ မိုးရေထဲအိုးခွက်မှောက်ထားရင်တော့ မိုးရေမရတဲ့အပြင် ရွှံ့သဲစင်ရုံပဲရှိလိမ့်မယ် တဲ့..။ပြောချင်တာကဘယ်လိုပဲသင်ကြားရေးတွေ ရှိနေပါစေ။ သင်ယူတဲ့သူ စိတ်ဝင်စားမှုနှင့် တကယ်သင်ယူလိုစိတ်၊ တကယ်တတ်ချင်တဲ့ ဆန္ဒပေါ်မှာလည်းတည်မှီသည်ဟုဆိုလိုခြင်းသာဖြစ်သည်..။
ယေဘုယျအားဖြင့် ထိရောက်သောသင်ကြားမှုအတွက် ပိုပြီးတတ်မြောက်အောင် မြင် အသုံးချနိုင်ရန် ဘယ်လိုနည်းစနစ်တွေသုံးရမည်နည်းဆိုသည့် မေးခွန်းတစ်ခုရှိလာပေလိမ့်မည်..။သာမန်သင်ယူသည့်ပုံစံနှစ်မျိုးကိုလေ့လာကြည့်သည့်အခါ အပိုင်း ၂ပိုင်းအနေနှင့် သင်ယူကြခြင်းကိုတွေ့ရသည်..။
ပထမက ပတ်ဝန်းကျင်ကလေ့လာကြည့်၍ တတ်မြောက်ခြင်းဖြစ်ပြီးဤသို့တတ်မြောက် သည်ဆိုလျှင် တစ်ကြိမ်တတ်မြောက်သည်နှင့် ရင်ထဲစွဲသွားတတ်သည်။(တော်ရုံနှင့်လည်းမမေ့ပါ။)။ လက်တွေ့သင်ကြားတတ်မြောက်မှုလည်းဤပုံစံနှင့်ဆင်တူသည်..။
ဒုတိယတစ်မျိုးကတော့ ကျောင်းလိုနေရာတွေမှာသင်ကြားခြင်းဖြစ်သည်။ ကျောင်းတွေမှာသင်ပြမှုသည် ပုံမှန်ပညာရေး (Formal Education) ဖြစ်သည်..။၎င်းပညာရေးကို လူ့ယဉ်ကျေးမှုတွေမှာအလိုအပ်ဆုံးပညာရေးစနစ်ဟုယူဆသည်..။အဘယ့်ကြောင့်ဆိုသော် ဤပညာရေးစနစ်ေ ကြာင့် လူတွေသည် တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံရာတွင် ပိုပြီးချောမွေ့သည်ဟုဆိုသည်..။ဤပညာရေးစနစ်သည် အသိပညာအတတ်ပညာတွေကို ဖြန့်ဝေပေးသည့် ပုံစံကိုလည်းသတ်မှတ်လေ့ရှိပြီး ကမ္ဘာတစ်ဝန်းလက်ခံကျင့်သုံးသောပညာရေးစနစ်သာဖြစ်သည်..။
သင်ကြားပုံစနစ်၊ သင်ယူသူ၏ ခံယူချက်၊လက်တွေ့ကျကျ သုံးသပ်မှု စသည့် လူတွေ၏ အခြေအနေအလိုက် မတူညီမှုတွေလည်းရှိတာကြောင့် ဘွဲ့ရပညာတတ်မြောက်မှုချင်းမတူပါ..။ ထို့နေရာတွင် ဘွဲ့ရသူ၏အရည်အချင်းနှင့် ခံယူချက် ၀ါသနာအပေါ်မူတည်သည့်အချက်ကိုထည့်စဉ်းစားရပေမည်ဟုထင်ပါသည်..။ ထို့အတူဘွဲ့ရခြင်းတူပေမယ့် အရည်အချင်းအဆင့်လိုက် အလုပ်အကိုင် ၊လစာတွေလည်းမတူကြခြင်းသာဖြစ်သည်ဟုယူဆရပေမည်..။
ပညာခေတ်ထဲမှာကျောင်းသွားပြီးစာမသင်သူတွေလည်းအများကြီးအောင်မြင်နေကြတာပဲဆိုတဲ့ စကားလည်းစာရေးသူတို့ ၀န်းကျင်မှာ တခါတလေကြားရတတ်သည်..။ကျောင်းမသွားပေမယ့်လည်းလောကကြီးမှာဆရာတွေရှိပါသည်..။ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာဆရာအမျိုးမျိုးရှိသလိုတပည့်တွေလည်းအမျိုးမျိုးရှိပါသည်..။ ၄င်းတို့မှာ ဆရာထက်ညံ့သောတပည့်၊ ဆရာနှင့်တူသောတပည့်၊ ဆရာထက်တော်သောတပည့် တို့ဖြစ်သည်..။ ယနေ့လူဘောင်တဖြည်းဖြည်းတိုးတက်နေခြင်းသည် ဆရာထက် တော်သောတပည့်တွေများလို့သာဖြစ်ရပေမည်..။
နောက်တစ်ခုရှိသေးသည်..။ သင်ယူခြင်းနှင့်ပတ်သက်၍ အရေးကြီးပုံကိုN . Michael Niflisရေးသားသည့် စာတစ်ပိုဒ်ကိုတင်ပြလိုသည်..။
Teaching is something that takes place only when learing does .
No matter what the teacher is doing in his classes , if his students are not learing something significant, he is teaching.
When the student fails, the teacher has failed more.
ဆိုလိုသည်မှာသင်ကြားခြင်းဆိုတာသင်ယူခြင်းရှိမှဖြစ်လာတာပါ..။ဆရာဟာအတန်းထဲမှာဘယ်လိုသင်သင် သူ၏ ကျောင်းသားတွေဟာတစ်စုံတစ်ခုထူးထူးခြားခြားရသွားခြင်းမရှိရင် သူပညာသင်ကြားပို့ချနေတာမဟုတ်ပါဘုး။ ကျောင်းသားတွေ ဆုံးရှုံးတယ်ဆိုရင် ဆရာဟာပိုပြီးဆုံးရှုံးပါတယ် လို့ သင်ကြားခြင်း၏ အရေးကြီးတဲ့အချက် ကိုဖော်ပြထားတာကိုသိနိုင်ပေသည်..။
သို့ကြောင့်လည်း နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအခြေခံသည့်လူ့စွမ်းအားအရင်းအမြစ် တစ်ခုဖြစ်သောပညာရေးပေါ်မူတည်နေတာကြောင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ဆရာမိဘပူးပေါင်းတပည့် ပညာကောင်းဖို့ အကြံဉာဏ်ကောင်းများရယူကြရပေမည်..။ယနေ့ခေတ် Globalizationခေတ်ထဲကမ္ဘာရွာမှာကမ္ဘာ့လူသားများအနေဖြင့် ပညာခေတ်၏ စိန်ခေါ်မှုကိုရင်ဆိုင် ဖို့ စဉ်းစားရမည်ဖြစ်သည်..။အဓိကကတော့ အစဉ်အဆက် ကောင်းမွန်တဲ့ ပညာရေးစနစ်နှင့် အရည်အချင်းပြည့်ဝတဲ့ လူ့အရင်းအမြစ်ကိုမွေးထုတ်နိုင်သည့် ပညာရေးစနစ် ဖြစ်ပေါ်ဖို့ ကြံဆဆောင်ရွက်ကြရမည်ဖြစ်ရာအမှန်တကယ် ပညာရင်းနှီးမြှုပ်နှံမှုသည်သာထိုက်သင့်သောအကျိုးကိုခံစားစေနိုင်ကြောင်းမျက်မြင်ကိုယ်တွေ့ တွေ့လာကြအောင် သိသာမြင်သာအောင် အကောင်အထည်ဖော် လှစ်ဟပြနိုင်ဖို့လည်းလုပ်ဆောင်ကြရပေဦးမည်..။
ရွှမ်းသိင်္ဃ (တနင်္သာရီ)
(အထက်ပါဖော်ပြချက်များသည် လောကသာရပျို့၊ ဆရာတော် ဘဒ္ဒ န္တ ဇာဂရာ ဘိဝံသ ၏ လယ်တီဝိပဿနာ စတုတ္ထတွဲ၊ ဒေါက်တာခင်မောင်ညို၏ ပညာလိုသံမှိုနှက်လိုပပညာရေးအတွေးဆောင်းပါးများနှင့် စာရေးသူမှတ်စုများမှ ကောက်နုတ်ဖော်ပြရေးသားထားခြင်းဖြစ်သည်မို့ အမှားအယွင်းများကို ပြင်ဆင်ဖတ်ရှုပေးပါရန်…။)
ကောင်းပါတယ်..
ОтветитьУдалить